
နေမာဟာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ ဆုံရမယ့် ချန်ပီယံ လိဂ် ၁၆သင်းအဆင့် ပွဲအမီ ပီအက်စ်ဂျီ အသင်းအတွက် ပြန်လည်ပြီးတော့ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
အဆိုပါဘရာဇီးသားဟာ နိုဝင်ဘာလတုန်းက ပြင်းထန်တဲ့ ဒဏ်ရာရခဲ့ပြီးနောက် ဒဏ်ရာသက်သာအောင်အနားယူနေခဲ့ရတာဖြစ်ပြီး ပြန်ကောင်းလာဖို့အချိန် က ထင်ထားတာထက် ပိုကြာခဲ့တာပါ။
ဒါပေမယ့် အခုတော့ နေမာ ပြန်လာခဲ့ပါပြီ ဒီတစ်ပတ် ချန်ပီယံ လိဂ်ပွဲမတိုင်ခင် အသင်းဖော်တွေနှင့်အတူ လေ့ကျင့်ရေးအစီစဉ်မှာ ပူးပေါင်းခဲ့ပါတယ်။
“ နေမာလား သူ အဆင်ပြေပါတယ်။ ယုံကြည်မှုအပြည့်နဲ့ပါပဲ။ သူ ပွဲတစ်ပွဲ မကစားခဲ့ရတာတောင် သူပြန်ဝင်လာတဲ့အချိန်မှာ ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို အရံခုံပို့မလား ပွဲထွက်ခိုင်းမလားဆိုတာ နည်းပြက ဆုံးဖြတ်မှာပါ”လို့ အသင်း ခေါင်းဆောင် မာကွင်ညိုက ပြောဆိုခဲ့ပါတယ်။
ဖိအားတွေအောက် ရောက်နေတဲ့ ပိုချက်တီနိုဟာ ချန်ပီယံလိဂ်ကနေ စောစောထွက်ရရင် သူ့ရဲ့ ပီအက်စ်ဂျီနည်းပြဘဝက မြန်မြန်အဆုံးသတ်သွားနိုင်တာကို နားလည်ထားသလို နေမာ ပြန်ကစားနိုင်လိမ့်မယ်လို့ လည်းမျှော်လင့်နေမှာပါ။
“ပါဝင်တဲ့ ကစားသမားတွေကြောင့် ဒီပွဲက ဖိုင်နယ်ပွဲလို ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီဟာ နှစ် ၅၀ လောက် ဒီဖလားကို အောင်မြင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က စိန်ခေါ်သူတွေပါ။ အခု ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ် အောင်မြင်မှုအများဆုံးအသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ”လို့ ပိုချက် တီနိုက အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
၂၀၂၀ မှာ ဖိုင်နယ်မရောက်ခင် ၃ ရာသီဆက် ရှုံးထွက်အဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ ပါရီသားတွေအတွက် ၁၆ သင်းအဆင့်ဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။မနှစ်ကတော့ သူတို့ဟာ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
#worldclassfootballchannel
