
၆၊ ဇန်နဝါရီ၊ ၂၀၂၂
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပထမအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ် မှာတော့ ချဲလ်ဆီးအသင်းက စပါးအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ ယခုတစ်ခေါက် ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပထမအကျော့အိမ်ကွင်းပွဲစဉ်ကတော့ ဧည့်သည်စပါးထက် အစစ အရာရာသာလွန်ကောင်းမွန်မှု ရှိခဲ့ပြီး ကွန်တီအနေနဲ့လည်း အသင်းဟောင်းရဲ့ ခြေစွမ်းတွေကို ပွဲအပြီး ထုတ်ဖော်ချီးကျူးခဲ့ရပါတယ်။
ယနေ့ပွဲမှာ ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်အထိ ရရှိခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှု ၊ ကန် သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် စပါးအသင်းဘက်ကတော့ လောက်လောက်လားလား စွမ်းဆောင်မှုတွေ မပြုလုပ်နိုင်ခဲ့ပဲ ကစားကွက်အရကို အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တေနဲ့ ဆေးလ်ဗား ဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့် မပါဝင်လာနိုင်ပေမယ့် လူ ကာကူ တစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ပါဝင်ခွင့်ရခဲ့ပြီး စပါးအသင်းကတော့ ကိန်း၊ ဆွန်ယောင်မင်၊ လူးကပ်စ်မိုရာ စတဲ့ တိုက်စစ်ကစားသမားတွေနဲ့အတူ အခြားပုံ မှန်ကစားတွေကို ထည့်သွင်းအသုံးပြုသွားခဲ့တာ တွေ့ရပါ တယ်။
ယနေ့ပွဲရဲ့ အဖွင့်ဂိုးကိုတော့ ဟာဗက်ဇ်က ပွဲအစ ၅ မိနစ်မှာတင် စတင်သွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ် ၃၄ မိနစ်မှာလည်း ဘန်ဒေးဗီးစ်ရဲ့ OG ဂိုးကြောင့် ချဲလ်ဆီးတို့ ၂ ဂိုးပြတ် နဲ့ ဦးဆောင်နိုင်ခဲ့တဲ့အတွက် ပွဲကို သက်သောင့်သက်သာနဲ့ ဆက်လက် ကစားသွားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း နောက်ထပ် သွင်းဂိုးတွေ ရရှိနိုင်မယ့် အခွင့်အရေးအချို့ ပိုင်ဆိုင်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် ယခု ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ရှေ့လာမယ့် ၁၃ ရက်နေ့မှာတော့ စပါးအိမ် ကွင်းမှာ ဒုတိယအကျော့ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး ၂၃ ရက်နေ့မှာလည်း စပါးကို ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ် ကွင်းမှာ ပြန်လည် လက်ခံကစားရဦးမှာ ဖြစ်ပါတယ်
