
၁၊ ဇန်နဝါရီ၊ ၂၀၂၂
လက်ရှိ ကလပ် ချဲလ်ဆီးမှာ မပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး နည်းပြဖြစ်သူ တူချယ်က ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အင်တာမီလန်အသင်းထံမှ ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့ တဲ့ လူကာကူဟာ လက်ရှိ ကလပ်ချဲလ်ဆီးမှာ ရုန်းကန်နေရ တာကြောင့် အသင်းဟောင်း အင်တာထံ ပြန်လည် သွားရောက် ကစားလိုနေကြောင်း အင်တာဗျူးအစီအစဉ်တစ်ခု အတွင်း ဖြေကြားခဲ့တာကြောင့် တူချယ်က လူကာကူရဲ့ ပြော ကြားမှုအပေါ် စိတ်ဆိုးဒေါသထွက်နေတာ ဖြစ်ပါတယ်။

တူချယ်က “ တကယ်တမ်းပြောရရင် လူကာကူရဲ့ ပြောစကားကို ကျွန်တော် တကယ်ကို မကြိုက်ပါဘူး၊ သူရဲ့ ပြောစကားကြောင့် မလိုလားအပ်တဲ့ အသံတွေပဲ ထပ်ထွက် ပေါ်လာစေခဲ့ပါတယ်၊ ကျွန်တော်တို့ အဲ့ဒါကို မလိုအပ်သလို အသင်းအတွက် အကူအညီလည်း မဖြစ်စေပါဘူး၊ ဒီ အခြေအနေကို ဒီထက်ပိုပြီး မကျယ်ပြန့်စေချင်တော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ အာရုံစိုက်စရာတွေကို အာရုံစိုက်သင့်ပြီး ပတ်ဝန်းကျင်ကိုလည်း အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်
နဲ့ ဖြစ်စေချင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ အင်တာအသင်းနဲ့အတူ သွင်းဂိုးများစွာ သွင်းယူ နိုင်ခဲ့တဲ့ လူကာကူဟာ လက်ရှိ ကလပ် ချဲလ်ဆီးမှာတော့ ဒဏ်ရာပိုင်းဆိုင်ရာ အနေအထားအချို့နဲ့ ရင်ဆိုင်ခဲ့ရသလို ကစားခွင့်ရတဲ့ ပွဲစဉ်အချို့မှာလည်း ပရိသတ်တွေ မျှော်မှန်း ထားသလောက် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ဝေဖန်ခြင်း ခံနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
