
မကြာသေးခင်ကမှ စပိန် လူငယ်ကြယ်ပွင့် တိုက်စစ် ကစားသမားလေး ဖယ်ရန်တောရက်စ်ကို ခေါ်ယူအားဖြည့်ထားတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း အသင်း ရဲ့ တိုက်စစ်ပိုင်းကိုပဲ ထပ်မံအားဖြည့်ဖို့အတွက် ရီးယဲလ်မက် ဒရစ်နဲ့ အသက်လက်တီကိုမက်ဒရစ်တို့လို မက်ဒရစ် အခြေစိုက် ထိပ်တန်းအသင်းကြီးတွေရဲ့ ကစားသမား ဟောင်းဖြစ်သူ တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာပြန်တယ်လို့ သိရပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ် ကစားသမား မိုရာတာဟာ အသက်လက်တီကိုအသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် လက်ရှိ ဂျူဗင်တပ်စ် အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတာဖြစ်ပြီး ဂျုဗီဘက်က မိုရာတာကို အပြီးသတ် ခေါ်ယူသွားဖို့ အစီအစဉ် မရှိတာကြောင့် ဘာစီလိုနာဘက်ကနေ လာမယ့် ဆောင်းဈေးကွက် ထဲမှာပဲ မိုရာတာကို အငှားနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း မိုရာတာကိုသာလက်လွတ်လိုက်မယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထို့ဖို့အတွက် တိုက်စစ်ကစားသမားနေရာအတွက် ရှာဖွေနေပြီး လက်ရှိမှာတော့ စီးရီးအေရဲ့ ဝါရင့်တိုက်စစ်မှုးတွေဖြစ်ကြတဲ့ မီလစ်ခ် နှင့် အိုင်ကာဒီ တို့ကို ချိန်ရွယ်ထားတယ်လို့လည်း သတင်းရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ဈေးကွက်အတွင်း ကစားသမားတွေ လိုအပ်သလောက် ခေါ်ယူဖို့ ခက်ခဲနေရပေမယ့် လာလီဂါဘက်မှာ အနိမ့်ဆုံး အဆင့်(၄)အတွင်း ဝင်ရောက်ဖို့နဲ့ ယူရိုပါလိဂ်မှာပါ အောင်မြင်မှု ရယူနိုင်ရေး အတွက် ကစားသမားသစ်တွေကို ခေါ်ယူချင်နေတာ ဖြစ်ပါ တယ်။ လက်ရှိမှာတော့ အရည်အချင်းရှိတဲ့ စပိန်ကြယ်ပွင့် လေး ဖယ်ရန်တောရက်စ်ကို မန်စီးတီးကနေ ခေါ်ယူထား အပြီးမှာပဲ နောက်ထပ် စပိန်ကစားသမားဖြစ်တဲ့ မိုရာတာကို ပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ မိုရာတာအနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ အငှားစာချုပ် မပြည့်သေးတာဖြစ်လို့ သူ့ကို ခေါ်ယူဖို့က ရှပ်ထွေးနိုင်ဖွယ် ရှိနေပေမယ့် စပိန်နာမည်ကြီး Marca သတင်းစာရဲ့ ဖော်ပြချက်အရ အသက်လက်တီကို အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂရီးဇ်မန်းကို ဘာကာကနေ ပြန်လည်ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေးကို အပြည့်အဝ မပေးချေရသေးတာဖြစ်လို့ ဒီအပြောင်းအရွှေ့ မှာ မိုရာတာကိုပါ ထည့်သွင်းလာနိုင်ဖွယ် ရှိတယ်လို့ သိရပါ တယ်။ တကယ်လို့ မိုရာတာသာ ဘာစီလိုနာကို ရောက်ရှိခဲ့မယ်ဆိုရင် ရီးယဲလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့မှာ
ပါဝင်ကစားဖူးတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာပဲ ဖြစ်ပါတယ်။
